ဒီနောက်ပိုင်း Blue Ocean Strategy အကြောင်းကို ကျွန်တော် အများကြီး စဉ်းစားမိတယ်။ အထူးသဖြင့် SME တွေနဲ့ ပတ်သက်ပြီးတော့ပေါ့။
Apple, Cirque du Soleil, Netflix လိုမျိုး ကြီးကြီးကျယ်ကျယ် တင်ပြနေကျ ပုံစံမျိုးမဟုတ်ဘဲ၊ တကယ်တမ်း ဒုက္ခရောက်နေတဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေရဲ့ လက်တွေ့အခြေအနေနဲ့ ချိန်ပြီး တွေးကြည့်တာ။ သူတို့က နေ့တိုင်း မဟာဗျူဟာအကြောင်း တွေးနေလို့ရတာမဟုတ်ဘူး။ ငွေအဝင်အထွက်၊ Customer တွေ၊ Supplier တွေ နဲ့ ဒီနေ့က မနေ့ကထက် ပိုခက်ခဲမလား ဆိုတာလောက်ပဲ စဉ်းစားနေရတာ။
အရင်ကတော့ Blue Ocean Strategy ဆိုတာ SME တွေအတွက် မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ အဲ့ဒီ Strategy Tool က အရမ်းကြီးလွန်းတယ်၊ ကွဲလွဲလွန်းနေတယ်၊ မာနကြီးတယ်လို့တောင် ခံစားရတယ်။ SME တွေက ဈေးကွက်အသစ် ဖန်တီးတာ မဟုတ်ဘူး။ သူတို့က ရှိပြီးသားဈေးကွက်တွေမှာ ရှင်သန်အောင် ကြိုးစားနေရတာ။ စျေးကွက်အပြောင်းအလဲကို လိုက်လျောညီထွေ နေထိုင်တယ်။ စျေးကွက်ကပေးတဲ့ ဒဏ်ကို ကြံ့ကြံ့ခံတယ်။ ပြိုင်ပြီးရင်းပြိုင်၊ ပြိုင်ဆိုင်ရမယ်ဆိုတာက SME တွေအတွက်က ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလိုဖြစ်နေတယ်။
ဒါပေမဲ့ ပိုပြီး အချိန်ပေးစဉ်းစားကြည့်လေ၊ အရင်က ယူဆချက်ကို ပိုပြီး မေးခွန်းထုတ်လာမိလေပဲ။
SME တွေအတွက် ပြိုင်ဆိုင်မှုဆိုတာ ရွေးချယ်စရာ မဟုတ်ဘဲ၊ အမွေလို ရလာတဲ့ ကိစ္စတစ်ခု ဖြစ်နေတာ။
ပြိုင်ဘက်တွေက ဒီလို သတ်မှတ်ထားလို့ ဈေးနှုန်းကို သတ်မှတ်တယ်။ ဖောက်သည်တွေက "မျှော်လင့်နေလို့" ဝန်ဆောင်မှုတွေ ပေးတယ်။ လုပ်ငန်းစဉ်တွေက အမြဲတမ်း ရှိနေခဲ့လို့ ဆက်ရှိနေတာ။ အချိန်ကြာလာတော့ ဘယ်သူမှ တမင်စီစဉ်ထားတာ မဟုတ်ဘဲ၊ စီးပွားရေးလုပ်ငန်းတွေဟာ တူသွားကြတယ်။ ဘာလို့လဲဆိုတော့ တစ်ခြားသူလုပ်သလို လိုက်လုပ်တာက ကိုယ့်ဘာသာ စဉ်းစားပြီး လုပ်တာထက် ပိုလုံခြုံတယ်လို့ ထင်နေလို့ပဲ။
ဒီအခြေအနေကို Kim နဲ့ Mauborgne တို့က Red Ocean (အနီရောင် သမုဒ္ဒရာ) လို့ ခေါ်တာပေါ့။ ဒါပေမဲ့ ကိုယ်တိုင် အဲဒီထဲမှာ ရှိနေတဲ့အခါ အနီရောင်လို့ မခံစားရဘူး။ ပုံမှန်ပဲလို့ ထင်ရတယ်။
Blue Ocean Strategy ကို ကျွန်တော် နားလည်လာတာက ဆန်းသစ်တီထွင်တာ၊ ဖန်တီးတာနဲ့ မဆိုင်ဘူး။ "ပုံမှန်" ဆိုတာကို မလွဲမသွေ လက်ခံဖို့ ငြင်းဆန်တာလို့မြင်တယ်။
အဓိက အချက်ကတော့ စိတ်ထဲမှာ အရမ်းကို အဆင်မပြေဖြစ်စေတဲ့ မေးခွန်းတစ်ခုကို မေးတာပဲ–
ဘာဖြစ်လို့များ ဒီအရာတွေပေါ်မှာ စပြီး ပြိုင်ဆိုင်နေကြရတာလဲ။
ဘယ်လို ပိုကောင်းအောင် လုပ်မလဲ မဟုတ်ဘူး။ ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်မလဲ မဟုတ်ဘူး။ ဒီအရာတွေ တကယ် ရှိသင့်ရဲ့လား ဆိုတာကို မိမိကိုယ်ကို ပြန်မေးတာ။
SME တွေအတွက် ဒီမေးခွန်းက အန္တရာယ်ရှိတယ်လို့ ခံစားရနိုင်တယ်။ အရင်းအမြစ် နည်းတော့ ပြိုင်ဘက်ကို လိုက်မီဖို့ပဲ စိတ်ဝင်စားတယ်။ တစ်ခြားသူတွေ အကုန်လုပ်ပေးနေတဲ့အရာကို ကိုယ်က ဖယ်လိုက်ရင် ကိုယ့်ကိုကိုယ် ဖျက်ဆီးသလို ခံစားရတယ်။ ဒါပေမဲ့ ဒီလိုစိတ်ကူးကပဲ လုပ်ငန်းတွေကို တိုက်ပွဲတစ်ခုတည်းမှာ ပိတ်မိနေစေတာ။
Blue Ocean Strategy မှာ ကျွန်တော့်ကို အထိဆုံးက ဘာလဲဆိုတော့ ပေါင်းထည့်တာထက် ဖယ်ရှားတာက ပိုများနေတာပဲ။
ယူဆချက်တွေကို ဖယ်ရှားတာ။
အမွေခံရတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားတာ။
ဘယ်သူမှ တကယ်တန်ဖိုးမထားဘဲ လူတိုင်းက ဆက်လုပ်နေတဲ့ ပြိုင်ဆိုင်မှုအချက်တွေကို ဖယ်ရှားတာ။
ဒါက SME တွေအတွက် ထင်မြင်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အကြံပေးတွေနဲ့ ဆရာတွေအများစု အကြံပေးတာတွေက များသောအားဖြင့် ဆပွားစုဆောင်းဖို့ပဲ ပြောလေ့ရှိတယ်– ဖောက်သည် ပိုများ၊ အင်္ဂါရပ် ပိုများ၊ ဖြန့်ချိရေးလမ်းကြောင်း ပိုများ။ Blue Ocean Strategy ကတော့ ဆန့်ကျင်ဘက်ကို အကြံပြုတယ်– ရှင်းလင်းပြတ်သားမှုဆိုတာ နုတ်လိုက်ခြင်းကနေ မကြာခဏ ရလာတာလို့ ဆိုတယ်။
တန်ဖိုးဆန်းသစ်တီထွင်မှု (value innovation) ဆိုတဲ့ သဘောတရားက ဒီအချက်ကို ပိုရှင်းသွားစေတယ်။
တန်ဖိုးနဲ့ ကုန်ကျစရိတ်ကို အမြဲတမ်း တစ်ခုယူရင် တစ်ခုပေးရမယ်ဆိုတဲ့ ကန့်သတ်ချက် (trade-off) မရှိဘူးဆိုတဲ့ အယူအဆက တော်တော်ကို ဆန်းတယ်။ ကွဲပြားဖို့ဆိုရင် ပိုက်ဆံပေးရမယ်၊ ထိရောက်ဖို့ဦးစားပေးမယ်ဆိုရင် ပေးနေတဲ့တန်ဖိုးလျော့ကုန်မယ်လို့ ကျွန်တော်တို့ ယူဆထားတယ်။ Blue Ocean Strategy က ဒီယူဆချက်ကို စိန်ခေါ်တယ်။ ဘယ်လိုစိန်ခေါ်သလဲဆိုတော့ " Industry တစ်ခုမှာရှိတဲ့ လုပ်ငန်းတွေက မလိုအပ်တဲ့ အရာတွေပေါ်မှာ ပြိုင်ဆိုင်ဖို့ သဘောတူထားတဲ့အတွက်ပဲ ကုန်ကျစရိတ် တော်တော်များများ ရှိနေတာဖြစ်တယ်။" လို့ ဆိုထားပါတယ်။
ဒီအချက်ကို မြင်ပြီးရင် မမြင်အောင် နေဖို့ ခက်သွားပြီ။
ပြိုင်ဘက်တွေ လုပ်လို့ပဲ SME တွေ လုပ်နေရတဲ့ အရာတွေ ဘယ်လောက်များလဲ။
ဖောက်သည်တွေက တကယ်ကြီး ဂရုမစိုက်ပေမယ့် ဖယ်လိုက်ရင် စွန့်စားရမှာစိုးလို့ ဆက်ထိန်းထားတဲ့ ဝန်ဆောင်မှု ဘယ်လောက်များလဲ။
မေးခွန်းမထုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် စုပ်ယူထားတဲ့ ကုန်ကျစရိတ် ဘယ်လောက်များလဲ။
အရင်က မဟာဗျူဟာဆိုတာ ကန့်သတ်ချက်/ပေးထားချက်တွေအတွင်းမှာ ပိုကောင်းတဲ့ သို့မဟုတ် အကောင်းဆုံး ရွေးချယ်မှုတွေ လုပ်တာလို့ ထင်ခဲ့တယ်။
Blue Ocean Strategy က ကန့်သတ်ချက်တွေ/ပေးထားချက်တွေကိုယ်တိုင်ကို မေးခွန်းထုတ်တာအဖြစ် ပြန်ပြောင်းစဥ်းစားခိုင်းတယ်။
SME တွေအတွက် ဒါက တကယ့်ကို အရေးကြီးတယ်။ SME အများစုက ညံ့လို့ လုပ်ငန်းရှုံးတာမဟုတ်ဘူး။ သူတို့က တခြားသူတွေနဲ့ တူညီတဲ့ ယေဘူယျဆန်တဲ့ယူဆချက်တွေအတိုင်း ကိုပဲ အရင်းအမြစ် နည်းနည်းနဲ့ လုပ်ဆောင်နေရလို့ ရှုံးတာ။ ရှင်းရှင်းပြောရရင် သူများတွေ ဒီလိုလုပ်နေလို့ ကိုယ်ကလိုက်လုပ်တယ် ဆိုတာမျိုးပေ့ါ။ ဒါပေမယ့် သူများတွေက ဒီလိုလုပ်တာ ကိုယ်မမြင်နိုင်တဲ့ အရင်းအမြစ်တွေ (Unfair Advantages) ရှိနေနိုင်တယ်။
ပျက်စီးနေတဲ့ ကစားကွင်းထဲမှာ ပိုပြီး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေတာက ဒီကစားကွင်းထဲမှာပဲ ဆက်ရှိနေမှာ မဟုတ်ပေဘူးလားဗျာ။ ပျက်စီးနေတာကို ဘာလို့ အတင်းသွားပြိုင်ချင်ရသလဲ မိမိဘာသာမိမိ ပြန်မေးဖူးပါသလား။
Blue Ocean Strategy ကို ကျွန်တော် သဘောကျတာက ပြိုင်ဆိုင်မှုကို စီးပွားရေးသက်သက် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုအဖြစ် သဘောထားတာပဲ။
ကုမ္ပဏီတွေက အချို့အရာတွေအပေါ်မှာ အရေးကြီးတယ်လို့ ယုံကြည်နေသေးလို့ အဲ့အရာအပေါ်မှာ ပြိုင်ဆိုင်မှုက ဆက်ရှိနေတာ။ အဲဒီယုံကြည်ချက်တွေကို ပြောင်းလိုက်ရင် အပြုအမူတွေက နောက်က လိုက်လာတာပဲ။ Customer တွေက မိမိလုပ်ငန်းကို အခြားသူတွေနဲ့ ယှဥ်ရတာခက်လာမယ်။ ပြိုင်ဘက်တွေအနေနဲ့ကလည်း ပျောက်ကွယ်သွားလို့ မဟုတ်ဘဲ၊ ကွဲပြားတဲ့ ဂိမ်းတစ်ခုကို ကစားနေလို့ သူတို့က အရေးမပါတော့ဘူး၊ မသက်ဆိုင်တော့ဘူးလို့ ခံစားလာရမယ်။
ဒါက သိမ်မွေ့တယ်။ ဝင်ငွေဇယားတွေမှာ ချက်ချင်း မပေါ်လာဘူး။ ဒါပေမဲ့ စကားပြောဆိုမှုတွေ ပြောင်းလဲပုံ၊ ဆုံးဖြတ်ချက်တွေ ပိုပေါ့ပါးလာပုံ၊ လုပ်ငန်းတွေ စျေးကွက်အရွေ့အတိုင်း လိုက်ပြီး အဆက်မပြတ် တုံ့ပြန်နေတာ ရပ်သွားပုံ တို့မှာ ပေါ်လာတယ်။
စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက၊ SME တွေက ကြီးမားတဲ့ ကော်ပိုရေးရှင်းတွေထက် ဒီလိုမဟာဗျူဟာမျိုးကို လိုက်လုပ်ဖို့ ပိုပြီး အနေအထားကောင်းနေနိုင်တယ်။
ကုမ္ပဏီကြီးတွေက အမွေအနှစ်ဆန်တဲ့ စနစ်တွေ၊ အကောင်ကြီးလွန်းခြင်း၊ ရှေးရိုးစွဲအရှိန်တွေက သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေတယ်။ SME တွေက မြေပြင်နဲ့ ပိုနီးတယ်။ နာကျင်မှုကို တိုက်ရိုက် ခံစားရတယ်။ သူတို့ လုပ်ငန်းရဲ့ ဘယ်အပိုင်းတွေက ပင်ပန်းနွမ်းနယ်နေလဲ၊ ဘယ်စကားဝိုင်းတွေက အဆုံးမရှိ ထပ်ဖြစ်နေလဲ၊ ဘယ်လုပ်ငန်းစဉ်တွေက မလိုပဲ ဒီအတိုင်း ရှိနေလဲဆိုတာကို သူတို့ သိကြတယ်။
ဒီလိုမျိုး နီးစပ်မှုကို အားနည်းချက်လို့ ပြောနေကြတယ်။ ကျွန်တော်ကတော့ ဆန့်ကျင်ဘက်လို့ စဉ်းစားလာတယ်။
Blue Ocean Strategy သုံးမယ်ဆိုရင် ရိုးသားမှု လိုတယ်။ မိမိလုပ်ငန်းကို အရှိကို အရှိအတိုင်း သုံးသပ်ပြီး အခြေခံကျတဲ့ မေးခွန်းတွေ ထုတ်ပြီး ရိုးရိုးသားသားဖြေရလိမ့်မယ်။
ဟုတ်တာပေါ့၊ Blue Ocean Strategy ဆိုတာ မှော်ပညာလို ဖြေရှင်းချက်တော့ မဟုတ်ဘူး။
Blue ocean တွေက red ဖြစ်လာနိုင်တယ်။ ပြိုင်ဘက်တွေက အတုခိုးကြတယ်။ ဈေးကွက်ဆိုတာက ပြောင်းလဲတဲ့ စရိုက်ရှိကြတယ်။ ဒီမဟာဗျူဟာက ပြိုင်ဆိုင်မှုကို ထာဝရ ဖယ်ရှားပေးတာ မဟုတ်ဘူး။ သူက အချိန်ကို ဝယ်ပေးတာပဲ– တန်ဖိုးဖန်တီးမှုကြောင့် အဆက်မပြတ် ပြိုင်ဆိုင်မှုကနေ ခွဲထွက်နိုင်လိုက်တော့ အချိန်ကာလကို ရစေတာပေါ့။
SME တွေအတွက် အဲဒီအချိန်က တိုးတက်မှုရပ်ဆိုင်းနေခြင်းနဲ့ ပြန်လည်ရှင်သန်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုနဲ့ အရှိန်အဟုန်အားကောင်းလာခြင်း တို့ကြားက ခြားနားချက် ဖြစ်နိုင်တယ်။
Blue Ocean Strategy က ရဲရင့်ချင်ယောင်ဆောင်တာနဲ့ မဆိုင်ဘူးဆိုတဲ့ အချက်က ကျွန်တော့်စိတ်ထဲမှာ စွဲနေတယ်။
သူက ရှင်းလင်းပြတ်သားမှုနဲ့ သက်ဆိုင်တယ်။
တကယ် အရေးပါတဲ့အရာကို ရှင်းရှင်းလင်းလင်း သိတာ။
အရေးမပါတဲ့အရာကို ရှင်းရှင်းလင်းလင်း သိတာ။
ပြိုင်ဆိုင်မှုတိုက်ပွဲတွေ အများကြီးက မလုပ်မဖြစ် မဟုတ်ဘဲ ရွေးချယ်နိုင်တဲ့ ကိစ္စတွေပါဆိုတာကို ရှင်းရှင်းလင်းလင်း သိတာ။
တိုးကြပ်နေတဲ့ ဈေးကွက်တွေမှာ ပိတ်မိနေတဲ့ SME တွေအတွက် ဒီလိုမျိုး ပြန်လည်ပြင်ဆင်လိုက်တာ တစ်ခုတည်းကတင် လွတ်မြောက်မှုတစ်ခု ဖြစ်နိုင်တယ်။
Blue Ocean Strategy ကို SME တွေကို Framework တစ်ခုအဖြစ် သင်ပေးသင့်တယ်လို့ ကျွန်တော် မထင်ဘူး။
သူက မြင်နိုင်စွမ်း တစ်ခုအနေနဲ့ မိတ်ဆက်ပေးသင့်တယ်။
ပြိုင်ဆိုင်မှုဆိုတာဟာ ကိုယ်က ရွေးချယ်တာ မဟုတ်ဘဲ၊ အမွေခံရတာလို့ မြင်ခြင်း။
တန်ဖိုးကို ပိုကောင်းအောင် လုပ်ရုံသာမကဘဲ တန်ဖိုးအသစ်တွေပြန်သတ်မှတ်နိုင်တယ်လို့ မြင်ခြင်း။
တစ်ခါတစ်ရံမှာ အကောင်းဆုံး မဟာဗျူဟာမြောက် လုပ်ရပ်က အဓိပ္ပာယ်မရှိတော့တဲ့ ဂိမ်းတစ်ခုကို ရပ်လိုက်တာလို့ မြင်ခြင်း။
အဲဒါက SME တွေအတွက် Blue Ocean Strategy ရဲ့ တကယ့် စွမ်းအားပဲ။
Blue Pill (အပြာရောင်ဆေးလုံး) သို့မဟုတ် Red Pill (အနီရောင်ဆေးလုံး)
Author: SMEHub Asia
February 21, 2026