
ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် လုပ်ငန်းများ၏ သက်တမ်းနှင့် ယှဥ်ကြည့်လိုက်ပါက အင်မတန်နုနယ်သေးသော နယ်ပယ်တစ်ခုဖြစ်သည်။ အင်တာနက် (www) ၏ အခြေခံဖြစ်သော ARPANET ကို ၁၉၆၀ ခုနှစ်များကတည်းက ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် အများပြည်သူအသုံးပြုရန်အတွက် အခွင့်အရေးမရှိသေးပါ။ www ဟု ခေါ်သော World Wide Web ကို တစ်နည်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကိုမူ ၁၉၈၀ ခုနှစ်များရောက်မှသာလျှင် တီထွင်ခဲ့ကြခြင်းဖြစ်သည်။ အင်တာနက်နှင့် အချို့သောလုပ်ငန်းကြီးများ၏ သက်တမ်းကို နှိုင်းယှဥ်ကြည့်ပါက စိတ်ဝင်စားစရာကောင်းသည့်အချက်များတွေ့ရသည်။ Walmart ကို ၁၉၆၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၆၀ နီးပါးသက်တမ်းရှိပြီဖြစ်သော လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ သေချာစဥ်းစားကြည့်လျှင် အင်တာနက်ထက် Walmart သည် ဆယ်စုနှစ် ၂ ခုစာ အသက်ပို၍ ကြီးသည်။ ဆိုလိုသည်မှာ အင်တာနက်စတင်မိတ်ဆက်ပြီးနောက်တွင် လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုသည့် ဝေါဟာရနှင့် ထိတွေ့ရသည်မှာ သိပ်မကြာသေးပါ။
၁၉၉၀ ခုနှစ်များ နှင့် ၂၀၀၀ ခုနှစ်များတွင် တွေ့ရှိခဲ့ရသော dot-com boom နှင့် အတူတွဲ၍ပါလာသော နည်းပညာလုပ်ငန်းများမှာ ပုံမှန်သမားရိုးကျရှိပြီးသား အခြေကျပြီးသာ လုပ်ငန်းများကိုသာမက လုပ်ငန်းကဏ္ဍတစ်ခုလုံးကိုပါကိုင်လုပ်ခဲ့သောကြောင့် လုပ်ငန်းကြီးများကြားတွင် ထိုအချိန်က ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် အလွန်ရေပန်းစားခဲ့သေးသည်။ သို့သော် ထိုအချိန် ပေါ်ပေါက်ခဲ့သော နည်းပညာလုပ်ငန်းများသည် သမားရိုးကျလုပ်ငန်းများ၊ အခြေကျပြီးသော လုပ်ငန်းများလောက် ကြီးထွားမှုနှုန်း မကြီးမားခဲ့ပါ။ ၂၀၀၀ ခုနှစ် မတ်လမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ dot-com boom ဟာ ပူစီဖောင်းအဖြစ်သို့ရောက်ခဲ့ရပြီး ထိုပူစီဖောင်း ပေါက်သွားခြင်းနှင့် အတူ ဒီဂျစ်တယ်အသွင်ကူးပြောင်းဆိုသည့် ဝေါဟာရလည်း ကန့်လန့်ကာ နောက်ကွယ်သို့ ရောက်သွားခဲ့ရရှာသည်။ ထိုစဥ်က လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်အား အထင်သေးခဲ့ပြီး အခြားသော နေရာများရှိ အောင်မြင်မှုများကို မေ့လျော့ကာ ဒီဂျစ်တယ်နည်းပညာအား “ခဏတာ”ဟုသာ ထင်မှတ်ယူဆခဲ့ကြသည်။ ဥပမာ Netflix ကြောင့် Blockbuster ဆိုသည့် ဗီဒီယိုအငှားဆိုင်လုပ်ငန်းကြီးသည် ပြတိုက်သာသာအဖြစ်သို့ ရောက်ရှိသွားရသည်။ ယခုဆိုလျှင် ၁၉၉၄ ခုနှစ်မှ မွေးဖွားခဲ့သည့် Amazon ဆိုသည့် ကလေးဟာလည်း လူကြီးဖြစ်ကာ အဖိုးအရွယ်ရှိသော Walmart ၏ တစ်နှစ်ရောင်းအားကို ကျော်တက်သွားပြီဖြစ်သည်။ ယခုအချိန်တွင်မှ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် ရေပန်းစားသော ပြောစရာအကြောင်းအရာတစ်ခုအဖြစ်သို့ ပြန်လည်ရောက်ရှိလာပြီး လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို စီးပွားရေးမဟာဗျူဟာများထဲတွင် ထည့်သွင်းစဥ်းစားလုပ်ဆောင်လာကြသည်။ ဒီဂျစ်တယ်နည်းပညာသည် လုပ်ငန်းရှင်များအနေဖြင့် အလေးအနက်ထားကာ မိမိ၏လုပ်ငန်းနှင့် ချိတ်ဆက်ရန် ကြိုးပမ်းနေသင့်သည့် အချိန်သို့ ကျရောက်နေပြီဖြစ်သည်။
ဒါဆိုရင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းက ပြောသလောက်လွယ်သလား?
စာရေးသူ မှီငြမ်းထားသော အင်တာနေရှင်နယ်ဒေတာကော်ပရေးရှင်း (IDC) နှင့် Cisco တို့ပူးပေါင်းထုတ်ဝေခဲ့သည့သည့် “2020 Small Business Digital Transformation: A Snapshot of Eight of the World’s Leading Markets” အစီရင်ခံစာတွင် ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ပြင်သစ်၊ ဂျာမနီ၊ မက်ဆီကို၊ ယူကေ နှင့် အမေရိကန် ဈေးကွက်များအား လေ့လာထားချက်များ စိတ်ဝင်စားစွာတွေ့ရသည်။ ထို အစီရင်ခံစာသည် ဖော်ပြပါ ဈေးကွက် ၈ ခု မှ လုပ်ငန်းငယ်ပေါင်း ၂၀၀၀ ကျော်ကို လေ့လာထားခြင်းဖြစ်သည်။
လုပ်ငန်းငယ်များ၏ လေးပုံပုံ တစ်ပုံသာလျှင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းတွင် ခရီးပေါက်ကြသည်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် ခက်ခဲသော လုပ်ငန်းစဥ်တစ်ခုဖြစ်သည်အလျောက် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ပြီး ဒီဂျစ်တယ်နည်းပညာများ ထွန်းကားသည့် နိုင်ငံများတွင်တောင်မှ လုပ်ငန်းငယ်များအနေဖြင့် ရုန်းကန်နေကြရဆဲဖြစ်သည်။ ရုန်းကန်နေကြရသည့် အကြောင်းအရင်းမှာ လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို နှေးကွေးစွာပြုလုပ်နေခြင်း၊ ကိုဗစ်ကြောင့် ကြန့်ကြာနေခြင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား ရှေ့တန်းတင်မထားခြင်း၊ စသည် အကြောင်းအရင်းများစွာကြောင့်လည်းဖြစ်နိုင်သည်။ သို့သော် အရှိတရားအရဆိုလျှင် ဖွံ့ဖြိုးဆဲဖြစ်သည့် မြန်မာနိုင်ငံတွင်ရှိသော သင့်လုပ်ငန်းသည်သာမဟုတ် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တောင်မှ လုပ်ငန်းငယ်များ ရုန်းကန်နေကြဆဲဖြစ်သည်။ သို့သော် တစ်ဖက်မှကြည့်လျှင်လည်း သင့်အနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား အောင်မြင်စွာလုပ်ဆောင်နိုင်ပါက ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ၇၅ ရာခိုင်နှုန်းသော လုပ်ငန်းများထက် ရှေ့သို့ရောက်နေလိမ့်မည်ဖြစ်သည်ကိုလည်း သတိပြုမိစေလိုသည်။
ဟုတ်ပြီ! ၎င်း ဈေးကွက် ၈ ခုမှ လုပ်ငန်းငယ်များ ခရီးမပေါက်ကြဘူးဆိုတော့ သူတို့အတွက် ဘာစိန်ခေါ်မှုတွေရှိနေတာလဲ?

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လုပ်ငန်းငယ်များ၏ ခရီးမပေါက်ရသည့် စိန်ခေါ်မှုများကို လေ့လာသုံးသပ်ကြည့်ပါက မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့်လည်း အနည်းနှင့်အများ စိန်ခေါ်မှုများကို မှန်းဆနိုင်လိမ့်မည်ဖြစ်သည်။ နိုင်ငံများ၏ အခြေအနေ၊ မြေခံရေခံ၊ ဈေးကွက်အခြေအနေများ မတူသောကြောင့် စိန်ခေါ်မှုများလည်း တစ်ထပ်တည်းတူလိမ့်မည်ဟု မဆိုလိုပါ။ သို့သော် စာရေးသူအနေဖြင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်များတွင် ဆွေးနွေးမိရသလောက်ကတော့ ဖော်ပြပါပုံရှိ စိန်ခေါ်မှုများနှင့် သိပ်ပြီးမကွာပါ။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များဖြင့် ဆွေးနွေးမိသည်များထဲမှ ပုံပါ စစ်တမ်းနှင့် တူညီပြီး အပြောများသော စိန်ခေါ်မှုများကိုသာ အသေးစိတ် ဖော်ပြသွားပါမည်။
စိန်ခေါ်မှု ၁ – ဒီဂျစ်တယ်ကျွမ်းကျင်မှုများနှင့် ကျွမ်းကျင်ဝန်ထမ်းရှားပါးခြင်း ပြဿနာ။
ထိုစိန်ခေါ်မှုသည် လုပ်ငန်းရှင်များနှင့် စကားပြောမိသည့် အချိန်တိုင်းတွင် အများဆုံးတွေ့ရှိရသော ပြဿနာဖြစ်သည်။ “လိုချင်တဲ့လူ၊ တကယ်တတ်တဲ့လူ ရှာမရဘူး။” ဆိုသည့် ညည်းတွားသံကို မကြာခဏကြားရသည်။ ဟုတ်ပါသည်။ မြန်မာနိုင်ငံလို အနေအထားတွင်သာမက ဖွံ့ဖြိုးပြီး ဈေးကွက်များတွင်လည်း ယခု ပြဿနာရှိနေကြသည်။ လုပ်ငန်းရှင်များအနေဖြင့် သတိထားသင့်သည့်အချက်များရှိသည်။ ၁ – တကယ်တတ်သောလူများသည် ငွေကြေးတစ်ခုရင်းနှီး၍ မိမိလုပ်ငန်းသို့ ခေါ်ယူကြရသည်။ မိမိလုပ်ငန်းအတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများသည် ရှားပါးသော်လည်း လုံးဝမရှိသည်မဟုတ် တန်ရာတန်ကြေးတစ်ခု ပေး၍ ခေါ်မှသာလျှင် အလုပ်ဖြစ်မည်ဖြစ်သည်။ ၂ – မိမိဝန်ထမ်းများအား အဆင့်မြှင့်တင်ခြင်းအား ဆက်တိုက် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြရမည်။ ပြင်ပမှ ကျွမ်းကျင်သူများကို လုပ်ငန်းတွင် ဖြည့်တင်းသည့်အပြင် မိမိလုပ်ငန်းတွင်းရှိ ဝန်ထမ်းများကိုလည်း အဆင့်မြှင့်တင်ပေးရန်လိုအပ်သည်။ “ဝန်ထမ်းကိုတော့ သင်တန်းပေးလိုက်တာပဲ။ တကယ်လည်း တတ်သွားရော ငါ့လုပ်ငန်းကထွက်သွားရော။” ဆိုသည့် ညည်းတွားသံကိုလည်း လုပ်ငန်းရှင်များထံမှ မကြာခဏကြားရလေ့ရှိသည်။ ထိုကဲ့သို့ Employee retention မကောင်းရခြင်းမှာ ဝန်ထမ်းအား အဆင့်မြှင့်ပေး၊ လေ့ကျင့်ပေးလိုက်ခြင်းကြောင့် ပြောင်းသွားသည်ဟူသည့် ထင်မြင်ချက်ကို စာရေးသူအနေဖြင့်ကတော့ သံသယရှိသည်။ ထိုကဲ့သို့ဖြစ်ပါက အကြံပြုလိုသည်မှာ သင့်အနေဖြင့် မိမိ၏ ဝန်ထမ်းများနှင့် ထိတွေ့မှုအား ပြန်လည်သုံးသပ်သင့်ပြီး လုပ်ငန်းဆိုင်ရာ သင်တန်းပို့ချမှုကို မည်သူမဆို တက်ရောက်သိရှိနားလည်နိုင်အောင် စံအဖြစ်သတ်မှတ်ထားသည့် လုပ်ငန်းစဥ်တစ်ခုရှိနေသင့်သည်။
စိန်ခေါ်မှု ၂ – ပြောင်းလဲခြင်းအား တွန်းလှန်ခြင်း ပြဿနာ။
ထိုစိန်ခေါ်မှုသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပြဿနာမဟုတ်။ ခေါင်းဆောင်၏ ဦးဆောင်မှုအရည်အချင်းပြဿနာဖြစ်သည်။ လုပ်ငန်းတစ်ခု လည်ပတ်ရန်အတွက် လုပ်ငန်းတွင်း ယဥ်ကျေးမှုသည် အင်မတန်အရေးကြီးလှသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဥ် စတင်ချိန်၊ လုပ်ဆောင်နေချိန်များတွင်လည်း လုပ်ငန်းတွင် ယဥ်ကျေးမှုသည် အလွန်အရေးပါပြီး အခြေခံကျသော အုတ်မြစ်တစ်ခုဖြစ်သည်။ ပြောင်းလဲခြင်းအား တွန်းလှန်ခြင်း၊ လုပ်ငန်းတွင်းယဥ်ကျေးမှုအား ဆွေးနွေးထားမှုကို “ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးခရီးစဥ်အတွက် ခရီးပေါက်ဖို့ ဘယ်သူမှာတာဝန်အရှိဆုံးလဲ???” ဆောင်းပါးတွင် အသေးစိတ်သွားရောက် ဖတ်ရှုပါ။
စိန်ခေါ်မှု ၃ – ဒီဂျစ်တယ်လမ်းပြမြေပုံ တိတိပပ မရှိခြင်း ပြဿနာ။
လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို မနင်းခင် စမ်းသပ်သည့်အနေအထားများဖြင့်သာ ပရောဂျက်လိုက်လုပ်ဆောင်ကြသည်ကို အများဆုံးမြင်တွေ့ရသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် အပြစ်မဟုတ် ပြဿနာမဟုတ်ပါ။ သို့သော် တစ်စုံတစ်ခု အလုပ်မဖြစ်သည်နှင့် ထိုနေရာတွင်သာ ရပ်တန့်လိုက်ပြီး တပ်ခေါက်ပြန်လေ့ရှိကြသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း? အဘယ်ကြောင့်ဆိုသော် တိတိပပ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ချမှတ်ထားသော ဒီဂျစ်တယ်မဟာဗျူဟာမရှိခြင်းကြောင့် လမ်းပြမြေပုံဟာလည်း အလုံးစုံပုံမပေါ်လာသောကြောင့်ဖြစ်သည်။ မဟာဗျူဟာအဆင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း ပုံစံများအား လေ့လာရန် “မဟာဗျူဟာကျကျ သင်ဘာတွေကို ဒီဂျစ်တယ်အသွင်ပြောင်းလို့ရသလဲ?” ဆောင်းပါးတွင် သွားရောက်ဖတ်ရှုပြီး မိမိ ပြုလုပ်လိုသည့် အသွင်ကူးပြောင်းခြင်းကို ရှင်းရှင်းလင်းလင်းမြင်ပါစေ။ ထို့နောက် သတ်မှတ်ပြီးသည့် မဟာဗျူဟာကို မည်ကဲ့သို့ ချဥ်းကပ်မည်နှင့် ပတ်သက်၍ “ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းအား နည်းဗျူဟာအရ ချဥ်းကပ်ခြင်းနည်းများ” ဆောင်းပါးတွင် အသေးစိတ် ဖတ်ရှုနိုင်သည်။ ၎င်း ဆောင်းပါးများ သင်ဖတ်ရှုပြီးပါက သင်လုပ်ဆောင်လိုသော ရည်မှန်းချက်ပန်းတိုင်ကို မဟာဗျူဟာကျကျ မှန်မှန်ကန်ကန် ချမှတ်နိုင်ပြီး အကောင်အထည်ဖော်မည့် နည်းဗျူဟာကိုပါ ချမှတ်နိုင်သည့်အတွက် သင့်တွင် တိတိပပဖြစ်သော ဒီဂျစ်တယ်လမ်းပြမြေပုံတစ်ခု ရှိသွားမည်ဖြစ်သည်။
လုပ်ငန်းငယ်များ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းခရီးစဥ်သည် နိုင်ငံအလိုက်အရေးကြီးယုံသာမက ကမ္ဘာတစ်ခုလုံးအတွက်လည်း အင်မတန်အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလုံးဆိုင်ရာ GDP ၏ တစ်ဝက်သည် လုပ်ငန်းငယ်များမှ လာပြီး ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအင်အား၏ သုံးပုံး နှစ်ပုံသည် လုပ်ငန်းငယ်များတွင် အလုပ်လုပ်နေကြခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ပါ၍ လုပ်ငန်းငယ်များ၏ ဆက်လက်ရှင်သန်ရေး၊ ကြီးထွားရေးသည် အင်မတန်မှ အရေးပါလှသော အရာတစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းငယ်များအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား ရွေးချယ်စရာတစ်ခုအဖြစ်သာ မြင်ခဲ့ကြရာမှ မရှိမဖြစ်အဖြစ်သို့ အမြင်များပြောင်းလာကြသည်ကိုလည်း တွေ့ကြရသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အလေးအနက်ထား လုပ်ဆောင်သင့်ပါသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းပြုလုပ်ရန်အတွက် သင်သည် နည်းပညာ ကျွမ်းကျင်သူဖြစ်ရန်မလိုအပ်ပါ။ ဖော်ပြပါ ပုံတွင် ပါဝင်သော အဆင့်များကို ပြုလုပ်၍လည်း သင့်လုပ်ငန်းအား ဒီဂျစ်တယ်ကမ္ဘာတွင် ကြံ့ကြံ့ခံနိုင်စေရန် အသွင်ကူးပြောင်းနိုင်သည်။

အဆင့် ၁ မှ ၄ သည် ပြင်ဆင်ခြင်း အဆင့်များဖြစ်သည်။
၁။ ဒီဂျစ်တယ်နည်းပညာလမ်းပြမြေပုံကို ၃ နှစ်စာ ရေးဆွဲပါ။ အသေးစိတ်ဖြစ်စရာမလိုသော်လည်း အရေးကြီးသော အစိတ်အပိုင်းများပါဝင်သင့်သည်။ ထို လမ်းပြမြေပုံမရေးဆွဲခင် မိမိလုပ်ငန်း၏ ဒီဂျစ်တယ်ရင့်ကျက်မှုကို သိရှိရန် “ မိမိလုပ်ငန်းက ဒီဂျစ်တယ် ခရီးရဲ့ ဘယ်နားရောက်နေပြီလဲ?” ဆောင်းပါးတွင် သွားရောက်လေ့လာပြီး မိမိလုပ်ငန်းအား ပြန်လည်သုံးသပ်ပါ။ ထို့နောက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ပြီး ဒီဂျစ်တယ်လမ်းပြမြေပုံကို ရေးဆွဲပါ။
၂။ လုပ်ငန်း၏ အရေးအပါဆုံး လုပ်ငန်းစဥ်များကို အလိုအလျောက်ပြုလုပ်ရန် ဦးစားပေးဆောင်ရွက်ပါ။
၃။ မည်သည့် နည်းပညာများကို ရင်းနှီးမြုပ်နှံရမည်ကို သုံးသပ်အဖြေရှာပါ။
၄။ ဒီဂျစ်တယ်ကျွမ်းကျင်သူများနှင့် ကျွမ်းကျင်မှုများတွင် ရင်းနှီးမြုပ်နှံပါ။
အဆင့် ၅ မှ ၇ သည် အကောင်အထည်ဖော်ခြင်း အဆင့်များဖြစ်သည်။
၅။ သင်၏ ဒီဂျစ်တယ်ခရီးစဥ်အတွက် မှန်ကန်သော နည်းပညာမိတ်ဖက်ကို ရှာဖွေပါ။
၆။ မိမိလုပ်ငန်းကဏ္ဍ၏ ရေစီးကြောင်းများ နှင့် အကောင်းဆုံး အလေ့အကျင့်များကို ဆက်လက်၍ မိမိလုပ်ငန်းတွင်လည်း အသုံးပြုနေပါ။
၇။ ရိုးရှင်းအောင်ပြုလုပ်ပါ။ ပရောဂျက်အသေးမှစပြီး သင်ယူပါ။ ထို့နောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဆောင်ရွက်ပါ။
ဒီလောက်ဆိုရင်တော့ဖြင့် စာဖတ်သူများအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းစိန်ခေါ်မှုများကို သိရှိပြီး ကျော်လွှားနိုင်ကြမည်ဟု ထင်မြင်ယူဆမိပါသည်။ အောင်မြင်သော ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းများ လုပ်ဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ၎င်းတို့အား မည်ကဲ့သို့ ဖြေရှင်းရမည်နည်း?
Author: SMEHub Asia
December 1, 2021